အချစ်ဆိုတဲ့အရာဟာ မပြောင်းလဲပဲနဲ့ အမြဲတမ်းတည်တန့်နေလိမ့်မယ်လို့အရင်ကထင်ထားခဲ့တာ။ အချိန် ကာလနဲ့အခြေအနေပြောင်းလဲတာနဲ့အမျှအချစ်ကလိုက်ပြောင်းလဲသွားတာကို ကိုယ်တိုင်ခံစားပြီး သိခဲ့ရတယ်။ အရင်ကသူနဲ့တွေ့ရင် ရင်တွေအရမ်းခုန်ပြီး ခြေဖျား၊ လက်ဖျားတွေအေးခဲ့ရတာ ၊ သူငယ်ချင်းတွေ သတိထားမိ လောက်အောင် စကားတွေမှားတတ်ခဲ့တာ..ဘယ်လိုမှထိန်းလို့မရခဲ့ဘူး။သူ့ကိုတည်တည်ငြိမ်ငြိမ်နဲ့ စကားပြော နိုင်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဟန်ဆောင်ကောင်းစွာ ဖုံးကွယ်ဖို့ကြိုးစားလေ ပေါ်လေဖြစ်နေခဲ့တယ်။ အနားမှာသူများရှိနေမလားဆိုပြီး သူနဲ့တူတဲ့အရိပ်တိုင်းကို လိုက်ကြည့်ခဲ့မိတယ်။ ဒါပေမဲ့သူကတော့ ပေါ်မလာ ခဲ့ပါဘူး ။ ဘာ့ကြောင့်ပေါ်မလာတာလဲဆိုတဲ့အဖြေကို ဒီနေ့ထိ အဖြေရှာလို့မရခဲ့ဘူး။ ပေါ်မလာခဲ့တာလည်း ကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျမမှာသူ့ကိုလက်တွဲဖို့ သတ္တိဘယ်တုန်းကမှမရှိခဲ့ဘူး။ ကျမ ထင်တယ်...အဲဒါကိုသူလည်းရိပ်မိတယ်ထင်တယ်။
ကျမပြောတဲ့ 'သ'ူဆိုတာကတော့မျက်နှာများတဲ့ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ယောက်ပေါ့။ဘာကိုမှ လေးလေး နက်နက်မထားတဲ့ ဘ၀ကိုပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့ သူတစ်ယောက်လို့ကျမကတော့မြင်တယ်။ဘာတာဝန် ကိုမှစိတ်အရှုပ်ခံပြီး မထမ်းဆောင်ချင်တဲ့သူပါ။ အချုပ်အနှောင်မရှိလွတ်လွတ်လပ်လပ်နေတဲ့ ဘ၀မှာနေသားကျ နေတဲ့ဂျစ်ပစီတစ်ယောက်၊ဘ၀ကုသိုလ်ကောင်းလို့ပိုက်ဆံကိုလွယ်လွယ်ကူကူရှာလို့ရနေပြီးလွယ်လွယ်ကူကူသုံး နေတဲ့သူတစ်ယောက်။ ဒါပေမဲ့သူ့မှာကောင်းတဲ့ အချက်တစ်ချက်ကတော့ စေတနာကောင်းပြီးကူညီတတ်တယ်။ ဘယ်လောက်ပဲ နှပြားမတန်အောင်ပြောပြော စိတ်မဆိုးတတ်ဘူး။
ကျမ သူ့ကိုစိတ်ဝင်စားမိလိမ့်မယ်လို့လည်းဘယ်တုန်းကမှမတွေးခဲ့မိဘူး။ ကျမနဲ့သူနဲ့က စိတ်ဓါတ်ကော၊ စရိုက်နဲ့ အတွေးအခေါ်တွေက လုံးဝပြောင်းပြန်ပဲ။ ကျမတို့ပတ်ဝန်းကျင်နဲ့ သူကျင်လည်နေတဲ့ပတ်ဝန်းကျင်က အစလုံးဝကွဲပြားတယ်။ ကျမသိနေတယ်...ကျမတို့နှစ်ယောက်ဟာလုံးဝပေါင်းစပ်ဖို့မဖြစ်နိုင်တဲ့ မျဉ်းပြိုင်နှစ်ခုပဲ။ ဒါကြောင့် ကျမရဲ့စိတ်ကိုသေချာမစမ်းစစ်ခင်မှာပဲ ဦးနှောက်နဲဆုံးဖြတ်ပြီး အလျင်စလိုပဲ 'မဖြစ်နိုင်ဘူး' လို့ ငြင်းပစ်ခဲ့တာကျမ မမှားခဲ့ပါဘူး။ ဒီဆုံးဖြတ်ချက်အတွက်လည်း ဘယ်တော့မှနောင်တမရမှာလည်းသေချာတယ်။ ဒါပေမဲ့မကြာခင်မှာပဲ ကျမနှလုံးသားရဲ့ဖြောင့်ချက်ကိုအလန့်တကြား သိလိုက်ရတဲ့ အချိန်မှာအရာအားလုံးဟာ နောက်ကျသွားခဲ့ပြီ။ ဒါပေမဲ့ကျမကျေနပ်တယ်။ ဘာကြောင့်လည်းဆိုတော့ ကျမဟာ ကျမပီသစွာပဲ ဦးနှောက်ကို အနိုင်ပေးနိုင်ခဲ့တယ်။ သူနဲ့ပြန်တွေတဲ့အခါမှာကျမနှလုံးသားကိုပါ လုံးဝနိုင်သွားပြီဆိုတာ သေချာသွားတယ်။ ကျမရဲ့စိတ်ထဲမှာ သူနဲ့ပတ်သက်ပြီးဘာခံစားချက်မှမရှိတော့တာကိုအံ့သြ၀မ်းသားစွာ သိလိုက်ရတယ်။